မြင်ကွင်းထဲမှာ မျောနေတဲ့ အစက်အပြောက်တွေ (Eye Floaters)
အမြင်အာရုံဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။ Screen Time များတဲ့ ဒီခေတ်အခါမှာ မျက်စိကျန်းမာရေးကို ဂရုပြုဖို့ ပိုပြီးအရေးကြီးလှပါတယ်။
မျက်စိက စူးအောင့်တာ၊ နာတာ၊ အမြင်အာရုံဝါးတာ မဟုတ်ပေမယ့် ကိုယ့်ရဲ့မြင်ကွင်းထဲမှာ ရွေ့လျားနေတဲ့၊ မျောနေတတ်တဲ့ Eye Floaters လို့ခေါ်တဲ့ အစက်အပြောက်တွေ၊ ကွင်းပုံသဏ္ဍာန်လေးတွေ အရိပ်လေးတွေ တွေ့ရတာမျိုး ဖြစ်ဖူးကြသလား။
အလင်းရောင်စူးရှတဲ့ ကောင်းကင်လို ဖုန်းမျက်နှာပြင်လို အရာတွေကိုကြည့်ရင်တောင် မြင်ကွင်းထဲမှာ မျောနေတဲ့ ထိုအရာတွေက ပျောက်မသွားတဲ့အခါ ဘာဖြစ်တာလဲ၊ မျက်စိရောဂါတွေ ရှိနေပြီလား၊ အမြင်အာရုံထိခိုက်တော့မှာလား စသဖြင့် စိုးရိမ်ပူပန်သွားတတ်ကြပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
မြင်ကွင်းထဲမှာ မျောနေတတ်တဲ့ ထိုအရာလေးတွေက ကော်လဂျင်ပရိုတင်းတွေရဲ့အစအနအမှုန်လေးတွေဖြစ်ပြီး မျက်လုံးရဲ့အနောက်ဘက်မှာ ရှိတဲ့ Victerous လို့ခေါ်တဲ့ ဂျယ်လီလွှာအစိတ်အပိုင်းကနေ gel တွေကွာကျလာပြီး မြင်လွှာနဲ့ ကွာလာလို့ ဖြစ်တာပါ။
အများအားဖြင့် အသက်ကြီးတဲ့သူတွေ (အသက် ၅၀ ကျော်)၊ အဝေးမှုန်တဲ့သူတွေနဲ့ အတွင်းတိမ်ခွဲထားဖူးသူတွေမှာ အဖြစ်များပါတယ်။
ပုံသဏ္ဍာန်အနေနဲ့…
- အနက်ရောင် သို့မဟုတ် မီးခိုးရောင်အစက်အပြောက်တွေ
- လှိုင်းတွန့်တွေ
- ပင့်ကူမျှင်ပုံစံ
- ကွင်းပုံစံနဲ့
- အပ်ချည်မျှင်ပုံစံ စသဖြင့် တွေ့ရတတ်ပါတယ်။
အဖြစ်နည်းပေမယ့်…
- မျက်စိရောဂါတွေ
- မျက်စိထိခိုက်ဒဏ်ရာရတာ
- မျက်စိကင်ဆာ
- ဆီးချိုကြောင့် အမြင်အာရုံထိခိုက်တာ (Diabetic Retinopathy)
- မြင်လွှာကွာကျတာ (Deteched Retina)
- မြင်လွှာစုတ်ပြဲတာ (Torn Retina)
- မြင်လွှာနဲ့ Viterous ဂျယ်လီလွှာ အစိတ်အပိုင်းမှာ ပိုးဝင်တာ
- Viterous ဂျယ်လီလွှာမှာ သွေးထွက်တာ စတဲ့ အခြေအနေတွေမှာလည်း Eye Floaters တွေ တွေ့ရတတ်ပါတယ်။
ဘယ်လိုအခါမျိုးမှာ မျက်စိဆရာဝန်နဲ့ ပြဖို့ လိုအပ်မလဲ?
- Eye Floaters တွေရုတ်တရက် ပိုများလာရင်
- အမြင်ဝါးလာရင်
- မျက်စိထဲမှာ ပြိုးပြိုးပြက်ပြက် လက်ခနဲ ဖြစ်ဖြစ်နေရင်
- မျက်စိနာလာရင်
- မျက်စိခွဲစိတ်ပြီး သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီးနောက်မှာ Eye Floaters တွေ ပေါ်လာရင် မျက်စိဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။
ဘယ်လိုကုသမလဲ?
Eye Floaters တွေက အရမ်းလည်း မများဘူး၊ တခြားပြဿနာလည်း မရှိဘူးဆိုရင် ကုသမှုလည်း မလိုအပ်ပါဘူး။ သတိအရမ်းထားမနေဘူးဆိုရင် Eye Floaters တွေနဲ့ နေသားကျသွားတတ်ပါတယ်။
နေရခက်နေရင် မျက်လုံးကို ဟိုဘက်ဒီဘက် အပေါ်အောက်ရွေ့အောင် လုပ်လိုက်ရင် Floaters တွေက မြင်ကွင်းကနေ နည်းသွားသလို၊ ပျောက်သွားသလို ခံစားရပါလိမ့်မယ်။
အရမ်းနေရခက်ရင် သို့မဟုတ် မြင်လွှာကွာတာ၊ မြင်လွှာပြဲတာဆိုရင် Vitrectomy လို့ခေါ်တဲ့ Vitreous ဂျယ်လီလွှာကို ဖယ်ထုတ်တဲ့ကုသမှု ခံယူရပါမယ်။
မြင်လွှာပြဲတာ၊ ကွာတာက အချိန်မီကုသမှု မခံယူရင် အမြင်အာရုံ ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်